မိုးနဲမြို့နယ် လွိုင်အိုင်ကျေးရွာအုပ်စုရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုးနဲ  သြဂုတ်၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လွိုင်အိုင်ကျေးရွာအုပ်စုအတွင်း လမ်းလုပ်ငန်းနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ် အရည်အသွေး စစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း၍ မလန်းကျေးရွာလမ်းဆုံမှ လွိုင်ဝပ်-တုံကျိုင်း သွားလမ်းပေါ်ရှိ အလျား ၂၅ ပေ အကျယ် ၁၄ ပေ ကွန်ကရစ်တံတား တစ်စင်းနှင့် ကျောက်ခင်းလမ်း တစ်မိုင် ဆောင်ရွက်နေမှု အခြေအနေများကိုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာလမ်းလုပ်ငန်းနှင့် တံတားလုပ်ငန်း ကုမ္ပဏီ များမှ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လုပ်ငန်းများ အရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး လုပ်ကိုင်ဆောင်ရွက်သွားရန်မှာကြားခဲ့‌ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများမှ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၅၇ ဒသမ ၀၃၂ သန်းဖြင့် ကွန်ကရစ် တံတားကို ဆုပြည့်စံ ကုမ္ပဏီမှလည်းကောင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၃၃ ဒသမ ၄၁၂ သန်းဖြင့် (Ability First) ကုမ္ပဏီမှလည်းကောင်း တာဝန်ယူတည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)