ချမ်းအေးသာစံ သြဂုတ် ၂၆
ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ၇၁ လမ်းရှိ နန်းဦးတိုက်၊ ကိုးနဝင်းဓမ္မာရုံတွင် ကျင်းပသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲကို စစ်ကြောင်း(၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်လေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသက်နိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်စထွန်းနိုင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်နေနွယ်ဦး၊ မြို့နယ်လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဒုဦးစီးမှူး ဦးဖိုးဆွေတို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ငွေနှင့် ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ၊ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် အိမ်ထောင်စုဇယားများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျန်းမာရေး၊ ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ဖွား/သေ ကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှုအခြေအနေများ၊ မီးဘေးအန္တရာယကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စသည့် လုပ်ငန်းကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများ၏ သိရှိလိုသည်များမေးမြန်းမှုအား ပြန်လည်ရှင်းလင်းဖြေကြားကာ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်