ဂီတ၊ သဘင်၊ ပန်းချီ အနုသုခုမဘာသာရပ်များ လက်ဆင့်ကမ်းမျှဝေခြင်း(ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာ)အခမ်းအနားကျင်းပ

အောင်မြေသာစံ ဩဂုတ် ၂၆

မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့၊ ဒေါနဘွားရပ်ကွက်ရှိ အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းရှိ ချမ်းမြေ့မန္တလာခန်းမဆောင်တွင် ယနေ့နံနက်(၉)နာရီက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဂီတ၊ သဘင်၊ ပန်းချီ၊ အနုသုခုမဘာသာရပ်များ လက်ဆင့်ကမ်းမျှဝေခြင်း(ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာ) အခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို တက်ရောက် အားပေးသည်။

အခမ်းအနားသို့ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် နှင့်တာဝန်ရှိသူများ၊ မျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ဒုတိယပါမောက္ခချုပ် ဦးကျော်သူရ(စီမံ)၊ ဒုတိယပါမောက္ခချုပ် ဒေါ်အေးစန္ဒာအောင်(သင်ကြား)၊ ပါမောက္ခများ၊ ဌာနမှူးများ၊ နည်းပြများ၊ မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်၊ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းမှ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဂီတပညာဌာန၊ သဘင်ပညာဌာနနှင့် ပန်းချီပညာဌာန ဌာနမှူးများက ဘာသာရပ်ဆိုင်ရာများအား အသီးသီးမိတ်ဆက်ရှင်းလင်းပြောကြားပြီး ဂီတသဘင်ပညာဌာနမှ ဆန်းနွေဦးတေးသီချင်း၊ ရုပ်သေးအကများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ကတာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်အလိုက် အခန်းများခွဲ၍ ပန်းချီ၊ ဂီတနှင့် ရုပ်သေးဘာသာရပ်များ သင်ကြားပေးကြသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဂီတ၊ သဘင်၊ပန်းချီ၊ အနုသုခုမဘာသာရပ်များ လက်ဆင့်ကမ်းမျှဝေခြင်း (ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာ)အစီအစဉ်များကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)၊(၈)၊(၉)နှင့် အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဆက်လက်၍ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အ-ထ-က နှင့် အ-ထ-က ပုသိမ်ကြီး တို့တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း