ကျိုင်းတုံ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကို ဩဂတ် ၂၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး(ကျိုင်းတုံ)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က အသက် ၅ နှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ အာဟာရပြည့်ဝရန်လိုအပ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့်အတွက် အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်ရေး၊ အာဟာရလွန်ကဲမှုပြဿနာကာကွယ်ရေး၊ အာဟာရပြည့်ဝစွာ စားသုံးတတ်သည့်အလေ့ ပိုမိုထွန်းကားလာစေရေးတို့အတွက် ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်က ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်အောက်ကလေးငယ်များအား ဘီတာမင်အေ ဆေးလုံးတိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်အားဆေးများနှင့် အာဟာရဖြစ်စေသော အစားအစာများပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)