လယ်ဝေးမြို့နယ်တွင် တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်းဖွင့်လှစ်

လယ်ဝေး ဩဂုတ် ၂၆

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် မေွးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းအား ယမန်နေ့ နံနက်ပိုင်းက ဇီးကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

​ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မွေးမြူရေးကဏ္ဍသည် လည်းအရေးပါကြောင်း၊ မွေးမြူရေးဆိုသည်မှာ ခြံဖြင့်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို သာမက မိမိတို့၏အိမ်တွင် တစ်နိုင်တစ်ပိုင် မွေးမြူခြင်းဖြင့်လည်း မိသားစုတစ်စုချင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုလိုတိရစ္ဆာန်အစာပင်များအား စိုက်ပျိုး ထုတ်လုပ်ရာတွင် ရှိသည့်မြေနေရာတွင်စိုက်ပျိုး၍ရခြင်း၊ ကုန်ကျစရိတ် အနည်းဆုံးဖြင့် ကျွေးမွေးနိုင်ခြင်း၊ ချဉ်ဖတ်ပြုလုပ်၍သိမ်းဆည်းနိုင်ခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ အာဟာရတန်ဖိုးမြင့်မားခြင်းတို့ကြောင့် မွေးမြူသူများအတွက် အဆင်ပြေနိုင်မည့် တိရစ္ဆာန်အစာပင်များဖြစ်၍ သင်တန်းတက်ရောက်သူများအနေဖြင့် မိမိတို့ဝန်းကျင်တွင်လည်း ပြန်လည်ဖြန့်ဝေကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ နေပြည်တော်မှ တိုင်းဦးစီးမှူး ဒေါက်တာ စံထွန်းဝေက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင် ဦးဝင်းအောင် တို့က စိုက်ပျိုးရေးမွေးမြူးရေးကဏ္ဍများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်များအား ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာလှမျိုးသန့်က တိရစ္ဆာန်အစာပင် စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်ပေးခဲ့မှု အခြေအနေကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဒေသခံပြည်သူများမှတင်ပြသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တိရစ္ဆာန်အစာပင်များ လက်တွေ့စိုက်ပျိုး နေမှုကို ကြည့်ရှိအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)