ဆီဆိုင် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီက ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏ စာရိတ္တဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကိုစိတ်ပါဝင်စားသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်နှင့်အားကစားအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြီးဒဲရယ်က ကျောင်းသား၊ ကျောင်းသူများကို လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာရပ်အမျိုးမျိုးကို လူငယ်ဘဝပညာသင်အရွယ်မှစ၍ ရည်မှန်းချက်ထားရှိပြီး ကြိုးစားသင့်ပုံ၊ စာတတ်ဖို့သာမက မိမိတို့ဘဝတစ်လျှောက် လူမှုကျင့်ဝတ်များနှင့်အညီ နေထိုင်ကာ အကျင့်စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်အောင် ပေါင်းသင်းဆက်ဆံသင့်ပုံတို့ကို အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက ကျောင်းအုပ်ဆရာကြီး ဦးခွန်ဝင်းမြင့်ထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက Physical Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)