သီပေါမြို့နယ်၌ နှာခေါင်းစည်းတပ်၍ သွားလာရေး တတိယအကြိမ် Mask Campaign ပြုလုပ်

သီပေါ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက် သွားလာသူတိုင်း နှာခေါင်းစည်းတပ်၍ သွားလာရေး တတိယ အကြိမ် Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက မြို့တွင်းရှိ  နေရာအနှံအပြားတွင် ပြုလုပ်ခဲ့သည်။

Mask Campaign ကို သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအဖွဲ့ခေါင်းဆောင် ကိုမျိုးဦးဆောင်မှုဖြင့် ပရဟိတကွန်ရက် အဖွဲ့ဝင်များက သီပေါမြို့မစျေး၊ ဝက်ဝံယာယီပျံကျစျေး၊ လားရှိုးမန္တလေး မိန်းလမ်းမီးပွိုင့်လမ်းဆုံ၊ မိုင်းပွန်လမ်းနှင့် လမ်းမတော်လမ်းထောင့် မီးပွိုင့်လမ်းဆုံတို့တွင် သွားလာလှုပ်ရှားနေကြသော ပြည်သူများ၊ ခရီးသွားများ၊ စျေးသူ/စျေးသားများနှင့် လမ်းဘေးဝဲယာ တစ်လျှောက်ရှိ စားသောက်ဆိုင်၊ ကုန်ပစ္စည်း အရောင်းဆိုင်များ မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ စသည့်တွင် နှာခေါင်းစည်း (Mask) အခု (၁၁၀၀၀)အား ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်းနေထိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

နယ်စည်းမခြားပရဟိတ(သီပေါ) အဖွဲ့ခေါင်းဆောင် ကိုမျိုးက  သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်၁၉ ရောဂါ ကူးစက်ပျံ့နှံမှုအန္တရာယ်ကို သတိပြုမိစေရန်နှင့် အဆိုပါရောဂါသည် အသက်ရှု လမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် လူတိုင်းနှာခေါင်းစည်းတပ်ကြရန် တတိယ အကြိမ် Mask Campaign ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)