လားရှိုးမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများပေးအပ်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

လားရှိုး ဩဂုတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ(၂၆)ရက်နေ့နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP (၂၀၅)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း (၂၀၅၀၀)ပေးအပ်ရာ လားရှိုးမြို့နယ် မန်မိုင်(ရှမ်း)ကျေးရွာမှ ကိုယ်စားလှယ်များက လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက Cash For Work စီမံကိန်း(၂၀)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၂၀၀၀)ပေးအပ်ရာ ကျေးရွာများကိုယ်စား ကွတ်ခိုင်မြို့နယ် နမ့်ပါချီးကျေးရွာမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီးမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း(၃)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၉၀၀)အားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက် သီးနှံ)(၆)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၇၀၀)အားလည်းကောင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ တာသိန်းဇော်က မြစိမ်းရောင်ကျေးရွာ(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)အားလည်းကောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေက မြစိမ်းရောင်ကျေးရွာစီမံကိန်း(၁)ယူနစ်အတွက် ရန်ပုံငွေ ကျပ်သိန်း(၃၀၀)အားလည်းကောင်း၊ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP (၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)အားလည်းကောင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP (၁)ယူနစ်အတွက် ရန်ပုံငွေ ကျပ်သိန်း(၁၀၀)အားလည်းကောင်း အသီးသီးပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက အသီးသီးလက်ခံရယူခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်/ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကိုယ်စားလှယ်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး