ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)များအား မြို့နယ်အလိုက် နယ်မြေဒေသ များပေးပို့နိုင်ရေးနှင့် ပြည်နယ်အတွင်း ခရိုင်အခြေပြု စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား သြဂုတ် ၂၆

ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)မိသားစုများအား မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ပြန်လည်နေရာချထားပေးမည့် နယ်မြေဒေသ (မြို့နယ်အမည်) အား ပေးပို့နိုင်ရေးနှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၊ သာဘာရေးအသင်း အဖွဲ့များ၊  NGO အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများအနေဖြင့် ယာယီခိုလှုံရာစခန်းများတွင် (၁၀)စုနှစ်ကျော် နေထိုင်ခဲ့ကြ သဖြင့် စခန်းများပိတ်သိမ်းနိုင်ရေး၊ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်း နှင့် ပုံမှန်လူနေမှုဘဝတွင် အမှီအခိုကင်းစွာ ပြန်လည်ရပ်တည်နိုင်ရေး ပြည်နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများ မိုးရာသီကုန်ဆုံးချိန် ပွင့်လင်းရာသီတွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးအနက်ထား ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်(၆)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့၊ ကတ်သလစ်အသင်းတော်၊ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်နှင့် NGO အဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် IDPs စခန်းများအခြေအနေ နှင့် အိမ်ထောင်စုများ နေထိုင်လျက်ရှိသည့် အခြေအနေများ၊ အိမ်ထောင်စုများ ပြန်လည်နေရာချ ထားရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ၊ ပြန်လည်ထူထောင်ရေးနှင့် သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည့် အစီအမံများ၊ ပြောင်းရွှေ့နေရာချထားပေးနိုင်ခဲ့မှု အခြေ အနေများ၊ နေရပ်ကျေးရွာများနှင့် ပြန်လည်ထူထောင်ရေးစခန်းများတွင် နေအိမ်များ ပြုပြင်/အသစ် တည်ဆောက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရေး အဖွဲ့အစည်းအားလုံး ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ခရိုင်အခြေပြု စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အကြီးအကဲအနေဖြင့် အထက်တန်းကျောင်းများတွင် စိုက်ပျိုး မွေးမြူရေးဘာသာရပ်များကို တွဲဖက်သင်ကြားနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်းရှိ ခရိုင် မြို့(၄)မြို့ရှိ အထက်တန်းကျောင်းများ တစ်ကျောင်းစီတွင် တွဲဖက်ဖွင့်လှစ်နိုင်ရေး အစီအစဉ်တကျ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အခြေခံပညာကျောင်းများနှင့် တွဲဖက်၍ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ နှင့် စပ်လျဉ်း၍ ခရိုင်မြို့များတွင် ဦးစားပေးရွေးချယ်မည့် သတ်မှတ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများ ခေါ်ယူသွားမည့်အစီအမံများ၊ ဆရာ/ဆရာမများနှင့် လေ့ကျင့် သင်ကြားပေး သွားမည့် အစီအစဉ်များ၊ ကြိုတင်စီမံဆောင်ရွက်ထားရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)