ဗန်းမော်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်မူလတန်းကြိုကျောင်း၌ ပန်းချီပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဗန်းမော် ဩဂုတ် ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မူလတန်းကြို သားငယ်သမီးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်မူလတန်းကြိုကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဗန်းမော်မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြိုင်ပွဲများကို ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ဗန်းမော်မူလတန်းကြိုကျောင်း၌ မူလတန်းကြို ကျောင်းအငယ်ဆင့်မှ ဆေးရောင်ခြယ်ပန်းချီနှင့် လက်ချောင်းပန်းချီပြိုင်ပွဲကို လည်းကောင်း၊ မူလတန်းကြို ကျောင်းအကြီးဆင့်မှ စိတ်ကူးယဉ်ပန်းချီ၊ လက်ချောင်းပန်းချီနှင့် ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲတို့ကို အသီးသီး ကျင်းပခဲ့ကြသည်။  

ပန်းချီပြိုင်ပွဲများ၏ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ကျင်းပရာ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက မိမိတို့ဌာနသည် ပြည်သူလူထုအတွက် အခြေခံလူ့ အခွင့်အရေး ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိဏ္ခာအပြည့်အဝ ရရှိနိုင်မည့် လူမှုအသိုက်အဝိုင်း တစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် ပြည်သူလူထု ဘဝလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်စေရေး မူဝါဒဖြင့် လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း အဖွင့် အမှာစကားပြောကြားပြီး ဗန်းမော်မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မိုးဆန်းက ပန်းချီ ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ရင်သွေးငယ် သားငယ်သမီးငယ်များအား ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗန်းမော်မူလတန်းကြိုကျောင်းမှ မိဘကော်မတီဝင်တို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)