မိုးညှင်းမြို့၌ မိုင်းအန္တရာယ် အသိပညာပေး ဟောပြော

မိုးညှင်း ဩဂုတ် ၂၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အုတ်ကျင်းရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူများ၊ မိုင်းကြောင့်မသန်စွမ်း ဖြစ်သူများကို ခြေတုအခမဲ့ပြန်လည်တပ်ဆင်ပေးခြင်း၊ ဆေးရုံတက်ကုသစရိတ်များကို ICRC နှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ပေးခြင်း၊ ကိုယ်ခန္ဓာပြန်လည် သန်စွမ်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းတို့က ဖြည့်စွက် အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ဒုတပ်ဖွဲ့မှူး ဦးဇော်နိုင်ထွန်းမှ မိုင်းအန္တရာယ်အသိပညာပေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်း ပြသပေးခဲ့သည်။

ထို့နောက် မိုင်းအန္တရာယ် အသိပညာပေးနှင့်ပတ်သက်၍ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း ကို MRE Volunteer ဒေါ်ခင်မာစန်း (ကြက်ခြေနီတပ်စုမှူး)နှင့် MRE Volunteer မနေခြည်ထွန်း (ကြက်ခြေနီတပ်ကြပ်ကြီး)တို့က ဦးဆောင်၍ ပြုလုပ်ခဲ့ကြ‌ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် နန်းမားမြို့၌ စေတနာအလှူရှင်များမှ စုပေါင်းလှူဒါန်းထားသည့် အလှူငွေဖြင့် ကိုယ်ထူကိုယ်ထ ကြက်ခြေနီ အသင်းခွဲငယ်ရုံး အကျယ်(၉)ပေပတ်လည် (၄)ခန်း၊ (၂)ခန်း အုတ်ညှပ်နှစ်ထပ်ဆောင်၏ (၃၅)ရာခိုင်နှုန်းထိ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(မိုးညှင်း)