သီပေါမြို့နယ်၌၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာပုံစံများထုတ်ပေး

သီပေါ ဩဂုတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်အတွက် တက္ကသိုလ်လမ်းညွှန် စာအုပ် နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် လျှောက်လွှာပုံစံများကို သီပေါမြို့နယ်၌ ၂၀၂၂ခုနှစ် တက္က သိုလ်ဝင် စာမေးပွဲကျင်းပခဲ့သည့် စာစစ်ဌာနများဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် နမ့်လန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့တွင်ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သောစာစစ်ဌာနများတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်ကို ကိုယ်တိုင်မှတ်ပုံတင်ယူဆောင်လာ၍ ထုတ်ယူရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ပုံစံအတွက် သတ်မှတ်ထားသော ငွေကျပ်(၁၅၀၀)မှအပ မည်သည့်အခကြေးငွေမျှကောက်ခံခြင်း   မရှိကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်လမ်းညွှန်စာအုပ်၊ လျှောက်ထားရမည့် လျှောက်လွှာပုံစံများကို  စက်တင်ဘာလ(၂)ရက်နေ့အထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးရန် ကျန်ရှိပါက စက်တင်ဘာလ (၃၀) ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)