မိုင်းကိုင် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လောဝ်းတောင် ကျချောင်းရေအရှိန်ဖြင့် မြှင့်တက်စီးဆင်းသည့်အတွက် တုံလော ကျေးရွာ အုပ်စု အတွင်း လယ်မြေများ ရေတိုက်စားနစ်မြှုပ်မှုများ ဖြစ်ပွားခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင် ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသွေးကျော် ၊ မြို့နယ်မြေ စာရင်းဦးစီးဌာနနှင့် တုံလောကျေးရွာအုပ်စုမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိ ရသည်။
အဆိုပါကွင်းဆင်းမှုတွင် နမ့်လောဝ်းတောင်ကျချောင်းရေ အရှိန်မြှင့်တက် စီးဆင်းမှုကြောင့် တုံလောကျေးရွာအုပ်စုအတွင်းရှိ ဆားတောကျေးရွာ၊ ပန်လော့ကျေးရွာ၊ နမ့်ကတ် ကျေးရွာ၊ တွန်ကျိုင်းကျေးရွာ ၊ တုံလော ကျေးရွာ တို့မှ ကွင်း(၄)ကွင်း တောင်သူ(၂၇)ဦး တို့၏ လယ်မြေဧက (၂၅)ဧကခန့် ရေတိုက်စားနစ်မြှုပ်ပျက်စီးခဲ့သည့်အပြင် နမ့်ကတ် ကျေးရွာ ဒေသခံတောင်သူ လက်လုပ်ဆည်တမံ အပါအဝင် ဆည်တမံ(၄)ခု၊ ဆားတော ကျေးရွာရှိ လယ်တဲ တစ်လုံး၊ တုံလောကျေးရွာရှိ ၁၀၀ ကီလိုဝပ် ရေအားလျှပ်စစ်စက် နှစ်လုံးနှင့် ၅ ကီလိုဝပ် အသေးစားရေအား လျှပ်စစ်စက် တစ်လုံး၊ နမ့်လောဝ်းချောင်းကူး ကွန်ကရစ်တံတား(၄၅×၆×၂၀)ပေ ၏ကမ်းကပ်ခုံ နှစ်ဘက်တို့ကို ရေတိုက်စား ခဲ့ကြောင်း နှင့် ကျေးရွာများရှိ အဆောက်အဦးများ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက် ဆုံးရှုံးမှု မရှိကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)