မြစ်သား ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ မှ ၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါနှင့် ဆောင်းနေကြာမျိုးစေ့များ(အခမဲ့) ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာကျောက်ဆည်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်သူက တောင်သူလယ်သမားများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ တစ်စိတ်တစ်ပိုင်းအနေဖြင့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ပံ့ပိုးပေးရခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားများဘက်မှလည်း ယခုကဲ့ သို့ ပံ့ပိုးပေးသော ချည်မျှင်ရှည်ဝါနှင့် ဆောင်းနေကြာမျိုးကောင်းမျိုးသန့်များကို အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမောင်မောင်ငြိမ်းမှတောင်သူများနှင့် ပူးပေါင်း၍ မျိုးကောင်းမျိုးသန့်များထုတ်လုပ်ရခြင်းရည်ရွယ်ချက်၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းနည်းပညာနှင့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားတွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်သူက တောင်သူဦးရန်ကြီးအောင်အား ဝါမျိုးသန့်မျိုးစေ့များ ပေးအပ်ခြင်း၊ စိုက်ပျိုးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးချစ်ဆွေကတောင်သူ ဦးတင်လင်းထွန်းအား နေကြာမျိုးစေ့ပေးအပ်ခြင်း၊ မြစ်သားမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က တောင်သူဦးချစ်ကိုအား မိုးနှောင်းချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀)ဝါမျိုးသန့်မျိုးစေ့များအား လည်း ကောင်း၊ သက်ဆိုင်ရာဌာနတာဝန်ခံများကလည်း အသီးသီးပေးအပ်ခဲ့ကြသည်။
မိုးနှောင်းချည်မျှင်ရှည်ဝါနှင့် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နွားကူးကြီးကျေးရွာ၊ ခင်လယ်ကျေးရွာ၊ လမ်းခွကျေးရွာ၊ထနောင်းကုန်းကျေးရွာနှင့် မြိုင်ကုန်းကျေးရွာအုပ်စုများမှ တောင်သူများစုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)