မြစ်သား သြဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က မြစ်သားမြို့နယ် လက်ပံဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများက ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် ရွာအဝင်လမ်းပြုပြင်ပေးရန်၊ စိုက်ပျိုးစရိတ်များထုတ်ပေးရန်၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုနိုင်မည့် ထောက်ပံ့ကူညီပေးနိုင်မှုတို့ကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ One Stop Service ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေဇယားများကို ဒေသခံပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သီတာအောင် (မြစ်သား)