မူဆယ် စက်တင်ဘာ ၁၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ(၁၁)ရက် ည(၈)နာရီအချိန်တွင် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်စဉ်(၂၀၁၂)နှင့် အနီးကပ် ထိတွေ့သူ စုစုပေါင်း(၁၃)ဦးကို စက်တင်ဘာ(၁၂)ရက်နေ့က မူဆယ်မြို့၊ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကူးစက်မှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက် နိုင်ရန်အတွက် အာခေါင်၊ နှာခေါင်းတို့ဖတ်နမူနာများကို ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူနာအမှတ်စဉ်(၂၀၁၂)နှင့် (၂၀၁၃)တို့သည် စက်တင်ဘာလ(၅)ရက်နေ့တွင် မန္တလေးမြို့မှ အငှားယာဉ်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ကို ရောက်ရှိလာ၍ လူနာ အမှတ်စဉ် (၂၀၁၂)သည် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ တက်တူးဆိုင်တွင် နေထိုင်ပြီး လူနာအမှတ် (၂၀၁၃)သည် နမ့်ခမ်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင်နေထိုင်ခဲ့သည် လူနာအမှတ်(၂၀၁၂)သည် စက်တင်ဘာ(၉) ရက်နေ့ နံနက်ပိုင်းအချိန်က မူဆယ်မြို့မှ မန္တလေးမြို့သို့ အငှားယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ(၁၁)ရက်နေ့၊ ည(၈)နာရီအချိန်တွင် ထုတ်ပြန်ချက်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခြင်းဖြစ်သည်။
မူဆယ်မြို့၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အဆိုပါ လူနာ အမှတ်စဉ် (၂၀၁၂)နေထိုင်ခဲ့သည့် နေရာသို့သွားရောက်ပြီး အနီးကပ်ထိတွေ့ ဆက်ဆံသူ စုစုပေါင်း(၁၃)ဦးကို ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ရောဂါ လက္ခာဏာ တစ်စုံတစ်ရာ မတွေ့ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါလက္ခာဏာတစ်စုံတစ်ရာ မတွေ့ရှိသော်လည်း လူနာအမှတ်စဉ်(၂၀၁၂)နှင့် အနီးကပ် ထိတွေ့ ဆက်ဆံသူများဖြစ်သည့်အတွက် အာခေါင်၊ နှာခေါင်းဖတ် နမူနာ များရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် အန္တလေးမြို့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ထားပြီး အနီးကပ် ထိတွေ့ ဆက်ဆံသူများကို (Home Quarantine) အဖြစ် ကြပ်မတ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)