ပူတာအိုမြို့နယ် ဂျီအီးစီ(ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပူတာအို ဩဂုတ် ၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် သမဝါယမဦးစီးဌာနလက်အောက်ရှိ ဂျီအီးစီ(ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ သင်းလုံးကျွတ် အစည်းအဝေးနှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပူတာအိုမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါ်ဒုဒီးဆားရ်က သမဝါယမအသင်း အနေဖြင့် တစ်နှစ်လျှင်တစ်ကြိမ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ကျင်းပရမှာဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုမှ ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ အသင်းတွင် ဆန္ဒအရ စုဆောင်းငွေနှင့် ချေးငွေအပေါ် စုဆောင်းငွေဆိုပြီး နှစ်မျိုးထည့်ဝင် စုဆောင်းနိုင်ပါကြောင်း၊ ချေးငွေ အပေါ် စုဆောင်းငွေရာခိုင်နှုန်း အလိုက်ဖြတ်တောက်ပြီး စုဆောင်းခြင်းကို ချေးငွေအပေါ် စုဆောင်းငွေလို့ ပြောခြင်းဖြစ်ပါကြောင်း၊ ချေးငွေအတိုးကို နှစ်ကျပ်သတ်မှတ်ထားပြီး တစ်ကျပ်ကို အသင်းသားစုဆောင်းငွေ အပေါ် အတိုးပေးခြင်းနှင့် ကျန်တစ်ကျပ်ဖြင့် အသင်းလုပ်ငန်းလည်ပတ်ရန် သုံးစွဲရပါကြောင်း၊ အသင်းကြီး အောင်မြင်ရန်အတွက် အသင်းသားတိုင်း ဝိုင်းဝန်းကြိုးပမ်းသွားကြရန်လို အပ်ပါကြောင်း အမှာစကားပြောကြား သည်။

ဆက်လက်၍ ဂျီးအီးစီ(ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေး သမဝါယမအသင်း အလုပ်အမှုဆောင် ဦးဂျတ်ဇော်ဆိုင်းအောင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းပြီး အလုပ်အမှုဆောင် ဦးခေါ်ကွဲဖေရမ်က အလုပ်အမှုဆောင်အဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးရှင်း တမ်းကိုဖတ်ကြားတင်သွင်းရာ အခမ်းအနားတက်ရောက် လာသည့် အသင်းသားများ၏ သဘောတူညီချက်အရ အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် နှစ်ချုပ် ဘဏ္ဍာရေး ရှင်းတမ်းများကို အတည်ပြုခဲ့ကြသည်။

ထို့နောက် ဂျီအီးစီ(ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ အလုပ်အမှုဆောင် ငါးဦးအား အခမ်းအနား တက်ရောက်လာသည့် အသင်းသားများ၏ သဘောတူညီချက်အရ ရွေးချယ်တင်မြှောက်ခဲ့ကြပြီး အဆိုပါ အလုပ်အမှုဆောင်များ၏ သက်တမ်းမှာ ငါးနှစ်သက်တမ်းဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပူတာအို)