ငါန်းဇွန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ငါန်းဇွန်   ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးဆိုင်ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ဆပ်ပျာကျင်းကျေးရွာအုပ်စု၊ ဆပ်ပျာကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ကျော်ဇံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောခန္တီရှိန်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းစိုး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန လ/ထညွှန်ကြား‌ရေးမှူး ဦးမိုးအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသန့်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာအောင်ဝေဆန်း၊ ဦးစီးအရာရှိ ဦးစိုးနိုင် (ရေအရင်းအမြစ်)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးသစ်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုနိုင်တို့က ဆပ်ပျာကျင်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Hand Gel များ ဖြန့်ဝေပေးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများကို ပြည်သူများသိရှိနိုင်စေရန် သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်း တက်ရောက်လိုပါက မည်သို့ဆက်သွယ်ဆောင်ရွက်ရမည်ကိုလည်းကောင်း၊ မိုးသီးနှံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေ၊ အောင်ရေရရှိရေးနှင့်ပတ်သက်၍လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိရစ္ဆာန်များ ရောဂါကျရောက်တတ်သည့် အခြေအနေနှင့် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကျေးရွာအတွင်းရှိ တောင်သူများအနေဖြင့် ဆောင်းသီးနှံချေးငွေ ထုတ်ချေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရသည့် အချက်များကိုလည်းကောင်း၊ ကျောင်းသားကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရန်အတွက်ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ အသင်းဝင်ကတ်ပြုလုပ်ပေးခြင်းနှင့် အခမဲ့စာအုပ်ငှားရမ်းပေးမှု အခြေအနေများကိုလည်းကောင်း၊ ဒေသခံပြည်သူများမှ သိရှိလိုသည်များအား တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ကွင်းဆင်းဆောင်ရွက်ပေးကြပြီး ကျေးရွာအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက် ထားရှိသည့် လုပ်ငန်းများ၊ မြစ်ရေတင်ရေသောက်ဧရိယာအတွင်းမှ တောင်သူများ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)