မော်လမြိုင် ဩဂုတ် ၂၆
မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီး၌ အစဉ်အလာမပျက် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်မှစတင်၍ ဆေးပဋ္ဌာန်းပူဇော်ပွဲကို နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ရာ ယခု(၁၃၇) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဓမ္မာရုံကြီးအတွင်း၌ ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ (၁၃၇) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဆံတော်ရှင်ကျိုက်သုတ်စေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့၏ ဩဝါဒစရိယ ရွှေပရိယတ္တိ ဆရာတော်ထံမှ (၈) ပါးသီလ ခံယူ ဆောက်တည်ခဲ့ကြကာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များမှ ပဋ္ဌာန်းဒေသနာ တော်များ ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ထိုနောက် ဆံတော်ရှင်ကျိုက်သုတ်စေတီတော် ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဆေးပဋ္ဌာန်းလှူဒါန်းရခြင်းအကြောင်းနှင့် ဆေးလှူဒါန်းသော အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များထံ ကျန်းမာရေးအတွက် တိုင်းရင်းဆေးနှင့် နိုင်ငံခြားဆေးများကို “အာယုဒါန” ဆေးပစ္စည်းအလှူများနှင့် အလှူတော်ငွေများကို ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး (၁၃၇) ကြိမ်မြောက် ဆေးပဋ္ဌန်းလှူဒါန်းပွဲအတွက် ပြုပြုသမျှ ကောင်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနာစိရံတိဠတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ပြီးမြောက်ခဲ့သည်။
အဆိုပါ (၁၃၇) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲကို မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၀၀ တွင် သီတင်းသုံးတော်မူသော ဆရာတော်၊ သံဃာတော် အပါး ၈၆၀၀ ကျော်ခန့်အား ဆေးဝါးနှင့် ၀တ္ထုငွေစုစုပေါင်း သိန်း ၈၀၀ ကျော်ခန့်ကို “သက်ရှည်ကျန်းမာ ဘေးရန်ကွာ ချမ်းသာဆင်းလှ ခြံရံလျက် ဗလအားသည် ပညာကြီး၍ ပစ္စည်းခိုင်မြဲ မကွဲ ချစ်သူ ကျိုးဆယ်ဆူမှာ ဆေးလှူသူတို့ ရဖို့တည်း” ဟူသော အကျိုးဖြင့် စေတနာရှင် သဒ္ဓါကြည်လင် ပါရမီရှင်များက သဒ္ဓါထက်သန်စွာ ပါ၀င်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်