တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာတွင်  မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

တံတားဦး  ဩဂုတ် ၂၆

တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ဟံသာဝတီကျေးရွာ စန္ဒာမုနိဘုရားဝန်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဝင်(၁) ဗိုလ်မှူး သန်းနိုင်ဦးက ဒေသခံပြည်သူများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးသည် အလွန်ပင်အ‌ရေးကြီးပါကြောင်း၊  ဒါ့အပြင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ဆွေးနွေးပေးစေလိုကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးရဲလင်းသူနှင့် ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ထွန်းထွန်းနိုင်တို့ လိုအပ်သည်များကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်များက မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို ဒေသခံပြည်သူများအား  အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာအတွက် လိုအပ်သော အကြောင်းအရာများကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်