တံတားဦး ဩဂုတ် ၂၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စက္ကူပန်းအလှပြင်သင်တန်း (အခမဲ့) ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက ပန်းအလှပြင်နည်းသည် လွယ်ကူပါကြောင်း၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ဆောင်ရွက်နိုင်သည့်အပြင် တစ်ဦးတည်းဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ပန်းအလှများသည် အမြင်တင့်တယ်ပြီး လူတိုင်း၏ရင်ကို အေးမြစေပါကြောင်း၊ ပန်းအလှပြင်ခြင်းသည် လူတိုင်းကြိုက်နှစ်သက်၍ ပန်းအမျိုးမျိုးဖြင့် အလှဆင်ပြုပြင်နိုင်ပါကြောင်း၊ ပန်းအလှများကို ဘုရားတင်ခြင်း၊ အလှူ၊ မင်္ဂလာပွဲနှင့်ဧည့်ခန်းမများ အစရှိသည့်နေရာများ၌ အလှဆင်ထားသည်ကို တွေ့မြင်နိုင်ပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများ တက်ရောက်ကြပြီး ပန်းအလှပြင်နည်းကို လက်တွေ့သင်ကြားသည်။ ပန်းအလှပြင်နည်းကို ပန်းစို၊ ပန်းခြောက်များအပြင် ရောင်စုံစက္ကူများဖြင့်လည်း အချိန်မရွေး၊ ရွာမသီမရွေး ပြုလုပ်နိုင်ကြောင်း သိရသည်။
ရဲတင့်