ဆီဆိုင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ဆီဆိုင်  ဩဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ် ရေးအဖွဲ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌  ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးကအဖွင့်အမှာစကားပြောကြားပြီး၊ မြိုနယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဘိုဘိုနှင့် မြို့နယ်ဥပဒေအရာရှိ ဦးအောင်မင်းတို့က လူကုန်ကူးခံရခြင်း၏အကြောင်းအရင်းများ၊ လက်ရှိ လူကုန် ကူးမှု ဖြစ်ပွားနေမှုအခြေအနေများနှင့် လူကုန်ကူးခံရမှုပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဟောပြောကြသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနယ်ဆင်လှမြိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ အသင်း(ခွဲ)ဥက္ကဋ္ဌ ဦးချိုတူးမောင်က ကြက်ခြေနီအကြောင်း သိကောင်းစရာများအားလည်းကောင်း ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဆီဆိုင်မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းကျောင်း ဆရာမများနှင့် သင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)