ထန်းတပင်မြို့နယ်တွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးကာ နေကြာသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေး ဆောင်ရွက်

ထန်းတပင်  ဩဂုတ်  ၂၅

တောင်သူများ စပါးအထွက်နှုန်းများ တိုးတက်မြင့်မားလာစေရေး၊ နေကြာသီးနှံစိုက်ဧကတိုးချဲ့စိုက်ပျိုးလာနိုင်ကာ ဒေသတွင်း ဆီဖူလုံမှုများရရှိစေရေးနှင့် တောင်သူများဝင်ငွေများ တိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ရွှေဇာခြည်(ဘိုကလေး) ဆန်စပါးကုမ္ပဏီတို့ပူးပေါင်း၍ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးကာ နေကြာသီးနှံစိုက်ပျိုးရေး တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို ရေဖြူကျေးရွာအုပ်စု၊ ညောင်သုံးပင်ကျေးရွာရှိ ရွှေဇာခြည်(ဘိုကလေး) ဆန်စပါးကုမ္ပဏီ စပါးအခြောက်ခံ စက်ရုံခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး က အဖွင့်အမှာစကားပြောပြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကို က  အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ တောင်သူများ နေကြာသီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရွှေဇာခြည်(ဘိုကလေး) ဆန်စပါးကုမ္ပဏီ ဥက္ကဋ္ဌ ဦးသောင်းဝင်းက တောင်သူများနှင့် အကျိုးတူဆောင်ရွက်သွားမည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြကြောင်း သိရပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများကလည်း မိမိတို့သိရှိလိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းခဲ့ ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)