ကွန်ဟိန်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက်(၈)နာရီ အချိန်ခန့်က ပြည်ထောင်စုလမ်းမကြီး၊ လူသွားလူလာများသည့် လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ မလိုအပ်ပဲနေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မဖြစ်အနေ ပြင်ပသို့သွားရောက်ရပါက နှာခေါင်းစည်း တပ်ဆင်သွားလာရန်၊ မိမိတို့ရပ်ကွက်အတွင်းသို့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေသည့် နေရာဒေသများမှ ဝင်ရောက်လာသူများ၊ ပြည်ပများ ပြန်လည်ဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာသို့ ချက်ခြင်းအကြောင်းကြားရန် အစရှိသည့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)