တပ်ကုန်း ဩဂုတ် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန် တော်ကြီး၊ ဝါတွင်းသီလပေးပွဲနှင့် အောင်ဇေယျတုဆန်လှူအသင်း၏ (၃၆)ကြိမ်မြောက် မဟာသံဃိက၊ မဟာတဏ္ဍုလဒါန ဆွမ်းဆန်တော်လှူဒါန်းခြင်းနှင့် ရေစက်အခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲက ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းနှင့် ဆွမ်းဆန်တော် အလှူရှင်များဖြစ်ကြ သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်၍ ရွှေအင်းရိပ်သာစာသင်တိုက်၊စာချနာယက ဘဒ္ဒန္တပညာသာရ(သာသနာ့ဓဇဓမ္မာစရိယ) ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် အောင်ဇေယျတုဆန်လှူ အသင်းဥက္ကဋ္ဌ၊ ဗုဒ္ဓသာသနာပြုဗိမာန် ဂေါပကဥက္ကဋ္ဌ ဦးဇော်လွင်က ဆွမ်းဆန်လှူအသင်းကြီး၏ ဆွမ်းဆန်လှူ ဒါန်းမှုနှင့်သာသနာရေးဆိုင်ရာများ လျှောက်တင်ခဲ့ပြီးနောက် ဆွမ်းဆန်တော် (၈) ပြည် အိတ်ပေါင်း (၇၆၀)အိတ်၊ဆီပိဿာ(၅၀)နှင့်နဝကမ္မအလှူငွေများ၊ ဝါတွင်းဥပုသ်သီလပေး တရားပွဲတွင် ပင်တိုင်အလှူရှင်မိသားစု၏ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ လှူဒါန်းမှုအစုစုကို ဘဒ္ဒန္တပညာသာရ(သာသနာ့ဓဇဓမ္မာစရိယ)ဆရာတော်က ရေစက်ချတရားတော်များ ချီးမြှင့်တော်မူ၍ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု (၃)ကြိမ်ရွတ်ဆိုကာ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်