ကော့မှူးမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေးအသိပညာပေး

ကော့မှူး ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း သွားလာကြသောပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့နယ်အတွင်းဖြတ်သန်းသွားလာကြသောကားများ၊ ဆိုက်ကားများ၊ စက်ဘီးများပေါ်တွင် သွားလာကြသောပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် စစ်ဆေးဆောင်ရွက်ပြီး နှာခေါင်းစည်း Mask မတပ်ဆင်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)