ဟိုပန် ဩဂုတ် ၂၅
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ရွှေဝါကျေးရွာနှင့် စံပြကျေးရွာများ ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပဲ့ပေးအပ်ရာတွင် "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ ဒေါ်နွေမိုးအေး ဉီးဆောင်၍ ခရိုင်၊ မြို့နယ် အသင်းအဖွဲ့ဝင်များနှင့် ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဘောမ်ယိမ်း နှင့် ဝန်ထမ်းများက ရွှေဝါကျေးရွာနှင့် စံပြကျေးရွာများရှိ ကိုယ်ဝန် ဆောင်မိခင်(၁၇)ဉီးနှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်(၁၃)ဉီး စုစုပေါင်း (၃၀)ဉီးတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လ များအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ (၄၅၀၀၀)ကျပ်စီနှင့် အချိုရည်၊ အာဟာရမုန့်များ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ် ၌ MCCT အစီအစဉ်ဖြင့် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်(၂၆၂)ဦးနှင့် အသက်နှစ်နှစ်အောက်ကလေးသူငယ်(၅၂၀)ဦး စုစုပေါင်း (၇၈၂)ဦးရှိပြီး စုစုပေါင်း ထောက်ပံ့ငွေ ၃၃၄၉၅၀၀၀/- ကျပ် (သုံးရာ့သုံးဆယ်လေးသိန်းကိုးသောင်းငါးထောင်ကျပ်) ဖြစ်ကာ ထောက်ပံ့ရန် ကျန်ရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့်ချိတ်ဆက်၍ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း ဟိုပန်မြို့ နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)