ကျောက်တန်း ဩဂုတ် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀:၀၀ နာရီ က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချို က ငလျင်သည် အခြားသော သဘာဝဘေးများကဲ့သို့ ဖြစ်ပေါ်နိုင်သော အချိန်ကာလ ရာသီမရှိဘဲ အချိန်အခါမရွေး ရာသီမရွေး ဖြစ်ပေါ်နိုင်သော သဘာဝဘေးတစ်မျိူးဖြစ်၍ တွေးကြောက်နေရန်မလိုဘဲ အမှန်တကယ် ငလျင်လှုပ်ရှားမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှု အစီအမံများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ Book Club အသင်းအဖွဲ့ဝင် ဒေါ်ခင်သီတာစိုး က မုန်တိုင်း၏ အရေးပါသော အဖျက်စွမ်းအား (၃) မျိုးဖြစ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မုန်တိုင်း၊ ဒီရေတက်ခြင်းတို့အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ရုတ်တရက်ငလျင်လှုပ်လျှင် စာရေးခုံ၊ စားပွဲခုံများအောက်တွင် ချက်ချင်း ပုန်းလျှိုနေရန်၊ လေးလံသော အရာဝတ္ထုများကို သတိထားရန်၊ အပြင်ထွက်နေသော တံခါးပေါက်၊ ပြတင်းပေါက်များမှ ဝေးဝေးနေရန်၊ ငလျင်လှုပ်စဉ် အိမ်အပြင်ကို ထွက်မပြေးရန်၊ လျှပ်စစ်ကြိုးများအောက်တွင် မနေရန်၊ ကားအတွင်း၌ ရှိနေလျှင် တံတားများ၊ အဆောက်အအုံများနှင့် ဝေးဝေးနေရန် စသည့် ငလျင်ကျရောက်ပါက ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များမှ ဘယ်လိုကာကွယ်နေထိုင်သွားရမည်ကို ကျောက်တန်းမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချို က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြိုနယ် (ပြန်/ဆက်)