မိုးမောက်မြို့၌ ဓါတ်မြေသြဇာနှင့် သဘာဝဓါတ်မြေသြဇာ အချိုးကျရောစပ်သုံးစွဲခြင်း ပညာပေးကွင်း သရုပ်ပြဆောင်ရွက်

မိုးမောက် သြဂုတ် ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဓါတ်မြေသြဇာနှင့် သဘာဝဓါတ်မြေသြဇာ အချိုးကျရောစပ်သုံးစွဲခြင်းပညာပေး ကွင်းသရုပ်ပြပွဲကို ကြေးနန်းရပ်ကွက် ကွင်းအမှတ်(၁၇၃/ခ) တောင်သူ ဦးထွန်းကြည်၏ ဆင်းကရီ−၃ မိုးစပါးစိုက်ခင်း (၅ ဒဿမ ၀၀) ဧကတွင် သြဂုတ်လ ၂၄  နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲတွင် ဒေသခံတောင်သူ(၃၂)ဦး တက်ရောက်ခဲ့ပြီး ဗန်းမော်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ  ပိုးမွှားတာဝန်ခံ ဒေါ်စန္ဒီဝင်းက ဓါတ်မြေသြဇာသုံးစွဲရာတွင် လေလွှင့် ဆုံးရှုံးမှုမရှိစေရေး အတွက် ဓါတ်မြေသြဇာ(၁)ဆကို သဘာဝဓါတ်မြေသြဇာ(၃)ဆနှင့်  အချိုးကျရောစပ်၍ သုံးစွဲရေး၊ မိုးစပါးအပြီး လယ်ယာသီးထပ်အဖြစ် ဒေသနှင့်ကိုက်ညီသည့် စျေးကွက်ခိုင်မာသော သီးနှံများအား ဆက်လက်စိုက်ပျိုးသွားကြရန်နှင့် ဆီထွက်နေကြာသီးနှံကိုလည်း သီးထပ်သီးညှပ်အဖြစ် တိုးချဲ့ စိုက်ပျိုးကြရန် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ မိုးမောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးတောက်ထွန်းက သဘာဝဓါတ်မြေသြဇာ ပြုလုပ်သုံးစွဲနည်းနှင့် ဆီထွက်နေကြာသီးနှံ စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း စားသုံးဆီဖူလုံလာမည့် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပံ့ပိုးကူညီမည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဓါတ်မြေသြဇာနှင့် သဘာဝဓါတ်မြေသြဇာ အချိုးကျရောစပ်သုံးစွဲခြင်း သရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)