မိုင်းယောင်း စက်တင်ဘာ ၁၄
အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ရှေးဟောင်းသမိုင်းဝင် မြို့ဦးစေတီ၌ ပြုလုပ် ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ မိသားစုဝင်များ စုစုပေါင်း ၂၅ ဦးသည် မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မြို့ဦးစေတီ၏ ပတ်ဝန်းကျင်အနီးရှိ သစ်ပင် ချုံ့နွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရင်ပြင်တော် အတွင်း/အပြင်တွင် တံမြက် စည်း လှဲကျင်းခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သော စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဆောင်ရွက် ခဲ့ကြသည်။
ထို့ပြင် မိသားစုဝင်များက ဘုရားသောက်တော်ရေ၊ သုံးတော်ရေများ အသစ်လဲလှယ်ခြင်း၊ ပြန်လည်ဖြည့် တင်းပေးခြင်း၊ ဘုရားပန်းကပ်ခြင်း၊ ဆီမီးပူဇော်ခြင်းများလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း