ကျိုင်းတုံ ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမုန်းစကားနှင့် သတင်းအမှားဆိုင်ရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Talk Show ဆွေးနွေးပွဲ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်နိုင်နှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးအောင်ဇင်မြင့် တို့က အမုန်းစကား ဖြစ်ပွားရသည့် အကြောင်းအရာများ၊ အမုန်းစကားသည် လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ သို့မဟုတ် လူအုပ်စုတစ်စုကို မျှတမှုမရှိစေရန် ဝေဖန်သည့် သို့မဟုတ် မလိုမုန်းတားမှုကို ဖော်ပြသည့် ဆက်ဆံမှုမျိုးကို ရည်ညွှန်း၍ အကြမ်းဖက်ရန် လှုပ်ဆော်ခြင်းသည် အမုန်းစကားဖြစ်ကြောင်းနှင့် လူတိုင်းသည် ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည်ရန်၊ လေးစားစွာ ဆက်ဆံမှုခံယူရန်၊ ကြောင့်ရွံ့မှုကင်းစွာ နေထိုင်ရန် အခွင့်အရေးရှိသည်ဖြစ်၍ အပြန်အလှန် နားလည်မှု လေးစားမှုစသည်တို့ကို အခြေခံသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းမှန် သတင်းမှား ခွဲခြားနည်း၊ သတင်းမီဒီယာအကြောင်း၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းကောင်း၊ သတင်းမှန်ရွေးချယ်တတ်စေရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)