ဒဂုံဆိပ်ကမ်း သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ ထောက်ပံ့မည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) မှ ဦးဆောင်၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ အမှတ်(၉၃) ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါး လက်လုပ်လက်စားပြည်သူများထံသို့ တစ်အိမ်တက်ဆင်းသွားရောက်၍ ယမန်နေ့ နံနက် (၉) နာရီမှ ညနေ (၆)နာရီအထိ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဆန်ရိက္ခာများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ပထမအကြိမ်အဖြစ် (၁)အိမ်ထောင်စုလျှင် (၁၂)ပြည်၊ နိုဝင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ဆန်(၂၄)ပြည်ထောက်ပံ့ပေးခဲ့ပြီး ယခုအခါ တတိယအကြိမ်အဖြစ်ကူညီ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း အလှည့်ကျစနစ်ဖြင့် ဆန်ရိက္ခာများဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရ သည်။
မြို့နယ်(ပြန်/ဆက်)