ပေါက်တော ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦး ဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ် ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ လာရောက် ထိုးနှံကြသည့် ကျောင်းသား/ သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြုခဲ့သည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့က အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ သူ (၄၃၅) ဦး ထိုးနှံပေးခဲ့ပြီး ဩဂုတ် (၂၄)ရက်နေ့အထိ ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံ ပြီးစီးသူ (၃၂၆၂)ဦး အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)