ကျောက်ဆည် ဩဂုတ်၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးမြေ (၄၀၀) ဧက ရေပေးဝေနေသည့် ရေကျအဆောက်အအုံ တစ်ခုအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၃၅.၀၀၀) သန်းဖြင့် စိုက်ပျိုးရေများပေးဝေရာတွင် အပြည့်အဝပေးဝေနိုင်ရေး ပြန်လည် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေကျအဆောက်အအုံသည် ကုလကျေးရွာအနီး၊ နွားတက်မြောင်းမကြီးမှ အမြင့်(၉)ပေရှိ ရေကျအဆောက်အအုံဖြစ်ကြောင်းနှင့် နှစ်ကာလကြာလာသည့်အတွက် ပျက်စီးနေသည့် ရေကျအဆောက်အအုံ အထက်ပိုင်းနှင့် ရေကျကြမ်းခင်း၊ မြောင်းနှုတ်ခမ်းကျောက်ဆလံများအား ရေအလေအလွင့်မရှိစေရေး ပြန်လည်ပြုပြင်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးပါက သီးနှံမျိုးစုံစိုက်ပျိုးဧက (၄၀၀) ဧကအတွက် ရေများပေးဝေရာတွင် ကောင်းမွန်မျှတစွာ စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏ ပြည်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)