မိတ္ထီလာ၌ စားအုန်းဆီတစ်ပိဿာ ၄၁ဝဝ ကျပ်မှ ၅၅ဝဝ ကျပ် နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

မိတ္ထီလာ ဩဂုတ် ၂၅

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီတစ်ပိဿာ ၄၁ဝဝ ကျပ်မှ  ၅၅ဝဝ ကျပ်နှုန်းဖြင့် မြို့နယ်အတွင်း နေရာ ၅ ခုတွင် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးကြောင်း သိရသည်။

"မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့အစီအစဉ်နဲ့ မိတ္ထီလာမြို့ ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းကနေ ဒီနေ့မြို့တွင်းနေရာ ၅ ခုမှာ လူတစ်ဦးကို စားအုန်းဆီ ၅ဝ ကျပ်သားစီကို စားအုန်းဆီ တစ်ပိဿာ ၄၂ဝဝ ကျပ် နှုန်းမှ ၅၅ဝဝ ကျပ်နှုန်းနဲ့ လက်လီရောင်းချပေးတာပါ။ မြို့ပေါ်စက်ကြီး ဆည်မြောင်းရပ်နဲ့  မိတ္ထီလာတက္ကသိုလ်အနီးမှာ  စားအုန်းဆီ တစ်ပိဿာ ၅၅ဝဝ ကျပ်နှုန်းနဲ့ လူတစ်ဦးကို ၅ဝ ကျပ်သားစီရောင်းချပေးပါတယ်။ ကျွန်းဖိုပင် ကျေးရွာ၊ အုတ်ကျင်းကျေးရွာနဲ့ ညောင်ကိုင်းကျေးရွာတို့မှာ စားအုန်းဆီတစ်ပိဿာ ၄၁ဝဝ ကျပ်နှုန်းနဲ့ လူတစ်ဦးကို ၅ဝ ကျပ်သားစီ ရောင်းချပေးတာ ဖြစ်ပါတယ်"ဟု မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေးနှုန်း ၄၂ဝဝ ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ချည်စက်၊ တောမ၊ ဘဲကန်ဈေး၊ ဘူတာဟောင်းဈေး၊ ကျီတော်ကုန်း၊ စက်မှုဇုန်ဈေး၊ ရှမ်းတဲဈေး၊ ပေါက်ချောင်းဈေး၊ နန်းတော်ကုန်း၊ အောင်ဆန်းမြို့သစ်၊ ရန်မျိုးအောင်ဈေး၊ ပြည်သာယာ၊ ဝန်ဇင်း၊ စသည်နေရာများတွင်လည်း ဩဂုတ်လပထမပတ်အတွင်းက သတ်မှတ်နေ့ရက်အလိုက် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ချမ်းသာ