မလှိုင် သြဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်နေ့များတွင် သတင်းသီလဆောက်တည်ခြင်း၊ ဆွမ်း၊ဆွမ်းဟင်းလောင်းလှူပွဲများနှင့် တရားပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက သမိုင်းဝင်ရွှေမုဋ္ဌောဘုရားကြီး၊ ဆွမ်းလောင်းဓမ္မာရုံ၌ ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်များ လောင်းလှူခဲ့ကြပြီး ညနေပိုင်းတွင် သီလပေးတရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ဆွမ်း၊ ဆွမ်းဟင်းနှင့်ဘောဇဉ်များ လောင်းလှူကြမည့်အလှူရှင်များက မလှိုင်မြို့ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်မှ စာချဆရာတော် ဘဒ္ဒန္တ ကေလာသထံမှ ရှစ်ပါးသီလခံယူပြီး ရေစက်ချတရားနာယူကာ အမျှအတန်းများပေးဝေခဲ့ကြသည်။ ထို့နောက် မလှိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၃၀)မှ သံဃာတော်အရှင်သူမြတ် အပါး(၃၇၀)ကျော်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူတို့နှင့် ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များက ဆွမ်း၊ဆွမ်းဟင်းနှင့်ဘောဇဉ်များ လောင်းလှူခဲ့ကြသည်။
ဝါတွင်းကာလ ဥပုသ်နေ့တိုင်းတွင် သီလပေးတရားပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိရာ ညနေ(၄)နာရီအချိန်တွင် သမိုင်းဝင်ရွှေမုဋ္ဌောဘုရားကြီး၏ မြောက်ဘက်အရုံခံတန်ဆောင်းအတွင်း၌ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကဥ္စနမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)