မိုင်းယန်းမြို့နယ်၌ Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းယန်း  ဩဂုတ်  ၂၅ 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းရန်ပုံငွေဖြင့် မိုင်းလွေကျေးရွာအုပ်စု၊ ရှဲကျင်ပုံလုံကျေးရွာ၌ တောင်သူများ၏ လယ်သွားလမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ရှဲကျင်ပုံလုံကျေးရွာ၌  အရှည် ၂၂၇၀ ပေ၊ လယ်သွားလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ လယ်သွားလမ်းချဲ့ခြင်းလုပ်ငန်းကို  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၀) သန်းဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရှဲကျင်ပုံလုံကျေးရွာရှိ အိမ်ခြေ ၈၅ အိမ်၊ လူဦးရေ ၄၇၈ ဦး တောင်သူများ၏လယ်ယာမြေ (၇၅)ဧကခန့်မှ ထွက်ရှိသော ရာသီ သီးနှံများအား အချိန်မီ အလွယ်တကူ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး