ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက်များအား ကွင်းဆင်းစစ်ဆေး

ဗန်းမောက် ၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက်များအား ယမန်နေ့ မွန်လွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက် ဆင်းဧကရီ(၃) အရည်အသွေးကောင်းမျိုးစပါးနှင့် အထွက်ကောင်းမျိုးစပါး စုစုပေါင်း (၃၅၀) ဧကအား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီး မျိုးစေ့ထုတ် စိုက်ကွက် တောင်သူများ အတွက် ပထမအရစ် ထောက်ပံ့ကြေးငွေများကို ထုတ်ချေး ပေးလျက်ရှိရာ သြဂုတ် ၂၉ ရက်နေ့က ထုတ်ချေးပေးပြီးဖြစ်ကြောင်း မိုးစပါးများအောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် နည်းပညာပေးစင်တာ အတွင်းရှိဝန်ထမ်းများနှင့်ဒေသခံတောင်သူများ ပူးပေါင်း၍ မျိုးကွဲများပယ်ခြင်း၊ ပေါင်းမြက်များ နုတ်ခြင်း၊ ပိုးမွှားရောဂါများမကျရောက်စေရေး၊ မြေသြဇာများအချိုကျမှန်ကန်စွာ အသုံးပြုတက် စေရန်နှင့်၊  ဒေသခံတောင်သူများ ကိုယ်တိုင် သဘာဝမြေသြဇာ များကို ပြုလုပ်သုံးစွဲရန် နည်းပညာများ ကို လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဇင်ရွှေသာနု နှင့် နည်းပညာပေးစင်တာ (KC)ဝန်ထမ်းများက ပင်ပုံကျေးရွာအုပ်စု၊ နန့်ပုံကျေးရွာ တောင်သူဦးကျန်အောင်နှင့် နန့်မွန်ကုန်ကျေးရွာ တောင်သူ(၇)ဦး၏ ဆင်းဧကရီ(၃) မျိုးစေ့ထုတ်စိုက်ကွက်အတွင်း ပိုးမွှားအန္တရာယ်များ ကင်းရှင်းရေး၊ ‌ပေါင်းမြက်များကင်းရှင်းရေးနှင့် အပင်ပွားနှုန်းများစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)