နမ္မတူ ဩဂုတ် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌနရုံးတို့ပူးပေါင်း၍ Online စနစ်ဖြင့် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်စိုးစန္ဒာဝိုင်းက Online စနစ်ဖြင့် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ပိုးမဥ္ဇူက သက်ကြီးရွယ်အိုဆိုသော စကားရပ်အဓိပ္ပာယ်၊ အစိုးရမှ လူမှုရေးပင်စင်ထောက်ပံ ပေးအပ်သည့်အကြိမ်များ၊ ပေးအပ်ရသည့် ရည်ရွယ်ချက် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များ၊ ကုလသမဂ္ဂအဖွဲ့ကြီး၏ သက်ကြီးရွယ်အိုများဘဝအတွက် ချမှတ်ထားသည့် အခြေခံမူ(၅)ရပ်၊ လူမှုရေးပင်စင် ထောက်ပံ့သည့် နှုန်းထားများနှင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ အဘိုးအဘွားများကို တန်းတူညီတူ စောင့်ရှောက်ပေးရမည်မှာ မြန်မာတို့၏ မြတ်နိုးဖွယ်ရာဓလေ့စရိုက်နှင့် အမျိုးသားရေး လက္ခဏာပင်ဖြစ်သကဲ့သို့ ယင်းလက္ခဏာများကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရန် စသည့်အကြောင်းအရာများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော်(ပြန်/ဆက်)