သီပေါမြို့ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့နံနက်(၁၀)နာရီက “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးအောင် ကကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့်အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ရည်မှန်းချက်များထားရှိတတ်ကြစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ပြီးရှောင်ကြဉ်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီးနောက်  “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီလာစိုးက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် လည်းကောင်းအသိပညာပေး အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းအန္တရာယ်၊ ရေဘေးအန္တရာယ် စသည့် အသိပညာပေးနံရံကပ်စာစောင်များအား  ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)