လားရှိုး ဩဂုတ်၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်ဆောင်ရွက်လျက်ရှိသည့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့ လေယာဉ်ကွင်းအနီးတွင် ပြုလုပ်လျက်ရှိသည့် လေယာဉ်ကွင်းလမ်း ပလက်ဖောင်းပြုလုပ်ခြင်း၊ လေယာဉ်ကွင်းလမ်းလျှောက်လမ်း ပြုလုပ်ခြင်း လုပ်ငန်းခွင်နှင့် လားရှိုးမြို့ မန်ဆူဘုရားမှ လားရှိုးကြီးလမ်းဆုံအထိ ဆောင်ရွက်လျက်ရှိသည့် ရေခေါ်မြောင်း တူးဖော်နေမှုလုပ်ငန်းခွင်များကို သွားရောက်ကြည့်ရှုရာ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
မိုးရာသီတွင် တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုအန္တရာယ်များမှ ကာကွယ်နိုင်ရန်အတွက် လားရှိုးမြို့နယ်စည်ပင်သာယာ ရေးဌာနမှ မြို့တွင်းလမ်းများရှိရေမြောင်းများအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူတူးဖော်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ၊ လမ်းဖြတ်တံတားများ တည်ဆောက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)