ဟိုပန် ဩဂုတ်၂၅
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊အတွင်းရေးမှူးဦးထွန်းထွန်းဝင်း ဦးဆောင်ကာ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဟိုပန်မြို့၊ မန်မိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားရာတွင် ဒေသနေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီးများဖြင့် အဖွဲ့ဖွဲ့ကာ ကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ရပ်ရွာ အတွင်း ပညာရေး၊ ကျန်းမာရေး၊လူမှုရေး အခက်အခဲများရှိပါကတင်ပြပေးရန်၊ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်တို့ကို ပြည်သူများသိရှိစေရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို လူတိုင်းထိုးနှံသွားရန် ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ရပ်ရွာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးရေး အတွက် လာရောက်ရခြင်းဖြစ်ကြောင်း၊ အခက်အခဲများရှိပါက တင်ပြပေးရန်၊ အခြားဒေသမှ လာရောက်သူများ ဧည့်စာရင်းတိုင်စေရန်၊ လူစိမ်းများရောက်ရှိပါက တာဝန်ရှိသူများထံ သတင်းပေးပို့ရန် ရပ်ကွက်/ကျေးရွာနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦးက နယ်မြေလုံခြုံရေးအခြေအနေများ၊ ပြည်သူလုံခြုံရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဒုတိယရဲမှူးကြီးကျော်ဝင်းလှိုင်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးတို့ကို လည်းကောင်း၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ကိုကိုက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လူတိုင်းထိုးနှံရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ခြင်းဆေးဖျန်းရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေးကိုလည်းကောင်း အသိပညာပေးပြောကြားခဲ့ကြသည်။ ယင်းနောက် ရပ်ကွက်အုပ်ချုပ် ရေးမှူးက လျှပ်စစ်မီးသုံးစွဲမှုနှင့်ပြည်သူများကြုံတွေ့ရသည့်အခက်အခဲ၊ ဖောင်ဆိပ်မှ ရပ်ကွက် အဝင်လမ်းဘေးဝဲယာ ခြုံနွယ်ပေါင်းပင်များ ရှင်းလင်းရေးကိစ္စ၊ လမ်းပြုပြင်ပေးရေး တို့ကိုတင်ပြရာ တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(Booster)ထိုးနှံပေးမှု၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်း လဲလှယ်ပေးမှု ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြ သည်။
အဆိုပါ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဟိုပန်မြို့ နယ်ရှိ ရပ်ကွက်/ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်