မိုးညှင်း ဩဂုတ် ၂၅
ကျေးလက်နေပြည်သူများအား လူမှုစီးပွားဘဝတိုးတက်မြင့်မားပြီး အလုပ်အကိုင်အခွင့် အလမ်းကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ်ပြုပြင်နည်းသင်တန်းကို ဤဦးစီးဌာနရုံး၌ ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများမှ သင်တန်းတွင် သင်တန်းသားများ စိတ်ပါဝင်စားစွာဖြင့် လက်တွေ့သင်ကြားနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်းကို ၂၀၂၂-၂၀၂၂ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် သိန်း၃၀ဖြင့် ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် အင်ဂျင်အလုံးလိုက် ဖြုတ်ဆေးတပ်ဆင်ခြင်း၊ ဝါယာရိန်း ဖြုတ်/တပ်ဆင်ခြင်း၊ ရှေ့ဘီး၊ နောက်ဘီးများ ကျွတ်လဲလည် တပ်ဆင်ခြင်းစသည့် ဆိုင်ကယ်တစ်စီးလုံးနှင့် ပတ်သက်သည့် အသေးစိတ်ဖြုတ်ခြင်း၊ ဆေးခြင်း၊ တပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်းများကို ပြင်ပမှငှါးရမ်းထားသည့် ကျွမ်းကျင်နည်းပြဆရာနှစ်ဦးမှ စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသင်တန်းကို မြိုင်ရွာ၊ မြင်သာ၊ ပင့်သာ၊ ကွင်းကြီး၊ ကာဒူ၊ တဲကြင်းကုန်း၊ သာယာကုန်း၊ ဟဲလုံ၊ အင်ကြင်းကုန်း၊ အင်းကုန်းစသည့် ကျေးရွာ(၁၀)ရွာမှ သင်တန်းသား(၂၅)ဦး တက်ရောက်ကြပြီး သင်တန်းဆင်းပြီးပါက သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိမည့် ပညာရပ်များကို မိမိရပ်ရွာတွင် အသက်မွေးမှုတစ်ရပ်အဖြစ် ပြန်လည်အသုံးချနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။