သပိတ်ကျင်း စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ဗန်းမော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ဆန်အိတ်များတင်ဆောင်လာသည့် FUSO ယာဉ်သည် မန္တလေး-ဗန်းမော် ကားလမ်းမကြီး၊ (၇)မိုင်-တကောင်းကားလမ်းမိုင်တိုင် အမှတ်(၃/၆)မိုင်၊ အုံးတကူး ကျေးရွာ အရောက်တွင် ယနေ့ နံနက်ပိုင်းက ဘရိတ်ပေါက်ပြီး ကားလမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါတိမ်းမှောက်မှုဖြစ်စဉ်၌ ယာဉ်မောင်းသည် ဒဏ်ရာများရရှိခဲ့ပြီး (မစိုးရိမ်ရ)၊ ယာဉ်နောက်လိုက်သည် ဦးခေါင်းနှင့် ဝဲယာခြေသလုံးများတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားသဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့အား သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား သပိတ်ကျင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)