လားရှိူး သြဂုတ် ၂၅
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေု့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့သည် ယနေ့နံနက်(၉)နာရီခွဲက လားရှိုးမြို့ မဟာမြတ်မုနိစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းတို့ကို ဆက်ကပ်ပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး မဟာမြတ်မုနိဘုရားအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ဘုရားဂေါပကတာဝန်ရှိသူများမှ လက်ခံရယူပြီး မဟာမြတ်မုနိ ဆရာတော် ဘဒ္ဒန္တကေဝလအား ဖူးမျှော်ကန်တော့၍ လားရှိုးမြို့ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက် အသစ်တည်ဆောက်နေမှုအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်းသော အလှူငွေကျပ်သိန်း(၄၁၀)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေမှ အလှူငွေကျပ် သိန်း(၁၀၀)တို့ကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ဆရာတော်အား လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်ပေးကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကြကြောင်း သိရသည်
ဆက်လက်၍ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံး(ရှမ်းမြောက်) ပန်းခင်းစီမံချက်(အဆင့်-၂) အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် e-ID Software စနစ်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ထည့်သွင်းမှု အခမ်းအနားတက်ရောက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၃)ရက်အထိ (၁၈)လတာ ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် အဓိက အရေးကြီးမှာ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဖြစ်ပါကြောင်း၊ ရှမ်းပြည်(မြောက်ပိုင်း)ရှိ မြို့နယ်ပေါင်း(၁၉)မြို့နယ်တွင် ဆောင်ရွက်ပေးရန်(၃၂၈၅၂၃)ဦး ဖြစ်ပြီး ၂၀၂၂ခုနှစ် မေလ (၁၆)ရက်နေ့မှာ လျာထားချက်အားလုံး အောင်မြင်စွာဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် စနစ်တကျကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး လိုအပ်သည်များကိုလည်း ထောက်ပံ့ ဆောင်ရွက် ပေးပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်တိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲများကို ကိုယ်တိုင် ချီးမြှင့်ဆောင်ရွက်ပေးခဲ့ရာ ယခုအကြိမ်ဆို နိုင်ငံသားကတ်ပြားပေးအပ်ပွဲ အကြိမ်ပေါင်း (၁၀)ကြိမ် ရှိသွားပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြာများကို လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ သီပေါ၊ တန့်ယန်းခရိုင်၊ မိုင်းရယ်တို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ကြပြီး ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပန်းခင်းစီမံချက်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား projector ဖြင့်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူတို့သည် e-ID Software အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ထည့်သွင်းနေမှုအားကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းပေးအပ်ပွဲတွင် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၃၄)ဦး တို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ စည်ပင်သာယာရေးဌာနမှ မြေယာရှုခင်းနှင့်လျှောက်လမ်းများ ပြုလုပ်ခြင်းလုပ် ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိုင်လွန်ကတ္တရာလမ်းခင်းနေမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းနောက် လားရှိုးမြို့ ယူနန်တရုတ်ဘုံကျောင်းသို့ သွားရောက်ကာ ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကတ်ဘော ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် အားကစားသမားများက အသင်းလိုက် မိတ်ဆက်ကြကာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စက်ဘောပြိုင်ပွဲဝင် အသင်းများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စားစရိတ်နှင့် ပြိုင်ပွဲကျင်းပစရိတ် ငွေကျပ်သိန်း(၆၀)ကျပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲဝင် (၁၁)သင်း အတွက် တစ်သင်းလျှင် ကြက်ဥ(၅)ကတ်စီ၊ စုစုပေါင်း(၅၅)ကတ်ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးတို့က ပေးအပ်ရာပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင် အားကစားသမားများအား တစ်သင်းချင်းစီ ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ကြပြီး လားရှိုးမြို့ ယူနန်တရုတ်ဘုံကျောင်း ယဉ်ကျေးမှု အကအဖွဲ့မှကပြ ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများမှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)