ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားထားသည့် ကတိစကားလေးတစ်ခွန်းစာအုပ်နှင့် ယနေ့နံနက် (၁၀) နာရီက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေချစ်မြတ်နိုးသူများအနဖြင့် တစ်ဦးနှင့်တစ်ဦး မိုပိုရင်းနှီးလာကာ အသိပညာဗဟုသတများ ပိုမိုတိုးပွားလာစေရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတွေးအခေါ်များ ရင့်သန်လာပြီး အမှား၊ အမှန်များ ခွဲခြားနိုင်၍ ဘဝတွင် အောင်မြင်သူများ ဖြစ်လာစေရေးအတွက် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော်(ကျောက်ဆည်)က ကတိစကားလေးတစ်ခွန်းစာအုပ်တွင်ပါရှိသော လယ်သမားနဲ့စိန်တုံးများ၊ လှတာလေးမှ သဘောကျတယ်၊ လိပ်ပြာသန့်ပါစေ၊ သမီးငယ်လေးဖန်ဆင်းတဲ့သိကြားမင်း၊ သရက်ပင်ကြီးတစ်ပင်၊ အချစ်ဆိုတာ၊ အတိမ်အနက်ကိုကြည့်ပါ၊ အမုန်းတွေကိုမေ့ပစ်ပါ၊ အသိအမှတ်လေးတော့ပြုပေးပါ၊ ကျောက်စရစ်ခဲလေး (၂)ခဲ၊ ပျော်ရွင်ခြင်းရဲ့လျှို့ဝှက်ချက်၊  နှစ်(၆၀)ကြာ ချစ်ခြင်းမေတ္တာ၊ ကတိစကားလေးတစ်ခွန်း၊ ကူညီလိုက်ပါ၊ နံရံပေါ်ကကော်ဖီတစ်ခွက်၊ ဘယ်သူကပိုပျော်ရွှင်လဲ၊ ယုံကြည်လိုက်ပါ စသည့်အကြောင်းအရာများနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက မြက်ရိတ်သမားတစ်ယောက်ရဲ့အတွေး လက်ခံတတ်ဖို့တော့လိုတယ်၊  ပြဿနာကို ဖြေရှင်းသောအခါ၊ ဘာတွေကွာခြားနေလဲ၊ အလေ့အကျင့်ကောင်း ပျိုးထောင်ပါ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့်အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)