နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်ရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့်တောင်သူများအား စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်ရှင်းလင်းခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်   ဩဂုတ်   ၂၅

မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲနှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်ပို့ချရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှု စီးပွားဘဝမြင့်မားရေးကို နိုင်ငံတော်မှအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကျေးလက်ပြည်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဆီထွက်သီးနှံများကို စိုက်ပျိုးပြီး ဒေသတွင်းဆီဖူလုံရေးနှင့် သီးထပ်သီးညှပ်သီးနှံများကို စိုက်ပျိုးစေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် သွင်းအားစုများ၊ မြေဩဇာများ၊ ရေအသုံးချမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံတောင်သူများအနေဖြင့် အကျိုးရှိရှိအသုံးချပြီး စည်းလုံး ညီညွတ်စွာ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) စိုက်ပျိုးကြမည့် တောင်သူများအတွက် စီမံကိန်းရန်ပုံငွေများကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တောင်သူများကိုပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက်  နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မာအေး က သဘာဝဓာတ်မြေဩဇာပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကိုတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ပင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ဆီထွက်သီးနှံသီးသန့်နေကြာ လျာထားဧက(၂၀)နှင့် သီးညှပ်ဆီထွက်သီးနှံ လျာထားဧက (၅၀) စိုက်ပျိုးကြမည့် တောင်သူများအတွက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ကို စိုက်ပျိုးမည့် ဧကအလိုက် ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ပြန်/ဆက်)