မုဒုံ ဩဂုတ် ၂၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်စေရေးအတွက် မြို့နယ်အတွင်းရှိအိမ်ထောင် စုလူဦးရေစာရင်း (ပုံစံ - ၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာ အသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီဆောင်ရွက်ပြီးစီးရေးအတွက် မြို့နယ်လဝကဦးစီးမှူးရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ - ၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ဌာနဆိုင် ရာများပူးပေါင်းကာ ဇူလိုင်(၁၈)ရက်နေ့မှ စတင်ပြီး ဖြည့်သွင်းဆောင်ရွက်ခဲ့ကြောင်း ဩဂုတ် (၂၅)ရက်နေ့အထိ စာရင်းဖြည့်သွင်းပြီး အိမ်ထောင်စု ပေါင်း ၃၅၀၈၂ စု ၇၈ ဒသမ ၇၆ ရာခိုင်နှုန်း ဖြည့်သွင်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မုဒုံမြို့နယ် လဝကဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။
မုဒုံမြို့နယ်တွင် Software Program နည်းပညာအသုံးပြုပြီး အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ - ၆၆/၆) များ တိုက်ဆိုင်စိစစ်၍ Data Baseစာရင်းရေးသွင်းခြင်း လုပ်ငန်းအနေဖြင့် တစ်မြို့နယ်လုံး စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း ၄၄၅၄၁ စုရှိရာ စက်တင်ဘာ (၁၈)ရက်နေ့အထိ ရာနှုန်းပြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (မုဒုံ)