စဉ့်ကူး ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စဉ့်ကူးမြို့ အခြေခံပညာအထက်ကျောင်းတို့ ပူးပေါင်း ကျင်းပသော ပုံပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာပေကို ချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်သည့် အလေ့အထများ၊ လူအများနှင့်ပြောဆိုရာတွင် ပြောရဲသည့် အလေ့အကျင့်များရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပုံပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား စဉ်ကူးမြို့နယ် ပြန်/ဆက်ရုံးမှ အငယ်တန်းစာရေး ဒေါ်အေးဇင်မာက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ အားလုံးအား စဉ့်ကူးမြို့နယ် ပြန်/ဆက်ရုံး ဝန်ထမ်းများက ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့် လက်ဆောင်များပေးအပ်ခဲ့ပြီး အအေးနှင့်မုန့်များ တိုက်ကျွေးခဲ့ သည်။
စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)