စဉ့်ကူး သြဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မိုးကောင်းကြီးကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန် သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရေးအတွက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနေမှု အခြေအနေတို့ကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စဉ့်ကူးမြို့နယ်၊ မိုးကောင်းကြီး ကျေးရွာတွင် လမ်းအရှည် (၁ မိုင်×၁၂´၀˝×၂´၉˝) ရှိသည့် ကုန်ထုတ်လမ်းကို တင်ဒါအောင်မြင်သည့် ရွှေပြည်သစ္စာကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်ပေးလျက်ရှိပြီး မြို့နယ်လုပ်ငန်း အရည်အသွေးနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့တို့က လုပ်ငန်း စံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိမှု ရှိ/မရှိနှင့် လုပ်ငန်းကာလသတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးအတွက် ကွင်းဆင်း စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာ(၆)ရွာရှိ လူဦးရေ ၁၃၆၁၈ ဦးတို့၏ စိုက်ပျိုးလယ်ယာမြေ ဧက (၁၂၅၀)တို့မှ ထွက်ကုန် သီးနှံများအား ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်အတွင်းသို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးနိုင်အောင်စိုးထံမှ သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)